ဟောလိဝုဒ် နာမည်ကျော် သရုပ်ဆောင်က ဒေါ်စုလွတ်မြောက်ရေး ပါဝင်ရန် တိုက်တွန်း
အေးလဲ့ | သြဂုတ် ၂၉၊ ၂၀၀၇
အမေရိကန် ဟောလိဝုဒ် ဟာသသရုပ်ဆောင် ဂျင်မ်ကယ်ရေသည် မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချူပ် ချထားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အမေရိကန် လူထုကပါဝင် ဆောင်ရွက် ကြရန် အင်္ဂါနေ့က ဗီဒီယို ကြေညာချက်တခုတွင် တိုက်တွန်းပြောကြား လိုက်သည်။
![]() |
ဂျင်မ်ကယ်ရေ |
အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) နှင့် လူ့အခွင့်အရေး လှုပ်ရှားမှုဌာန (Human Rights Action Center) တို့ကိုယ်စား ဂျင်မ်ကယ်ရေက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
“ကျနော့် စိတ်ထဲမှာရှိတဲ့ သူရဲကောင်း တယောက်အကြောင်းကို ပြောချင်ပါတယ်၊ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ၊ သူမဟာ အာရှတိုက်ရဲ့ လူအများကို ကိုယ်စားပြုတဲ့ လူ့အခွင့်အရေး တိုက်ပွဲဝင်သူ ဖြစ်ပါတယ်”ဟု ဗီဒီယိုထဲတွင် ဂျင်မ်ကယ်ရေက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်သူအများစုက မသိကြသော်လည်း သူမသည် ယနေ့ခေတ်တွင် နယ်လ်ဆင်မင်ဒဲလား၊ မဟတ္တမဂန္ဒီတို့နှင့် နှိုင်းယှဉ် ပြောရမည့်သူ ဖြစ်သည်ဟုလည်း ဂျင်မ်ကယ်ရေကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်ရေးမူကို ကျင့်သုံးသူဖြစ်သည့်အတွက် ၁၉၉၁ ခုနှစ်က ငြိမ်းချမ်းရေး နိုဘဲလ်ဆု ချီးမြှင့်ခံခဲ့ရသူဖြစ်ပြီး၂၀၀၃ ခုနှစ် မေလတွင်ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက်မှု အပြီးမှစ၍ သူမ၏ နေအိမ်တွင် အကျယ်ချုပ်ဖြင့် အထိန်းသိမ်း ခံနေရသည်မှာ ၄ နှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်များတွင်လည်း နေအိမ်အကျယ်ချုပ် ၂ ကြိမ် ကျခံခဲ့ရသောကြောင့် နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် နေရချိန် စုစုပေါင်းမှာ ၁၁ နှစ်ကျော်ပြီ ဖြစ်သည်။
“သူမရဲ့အမည်က မှတ်မိဖို့ နည်းနည်းခက်ပါတယ်၊ ဒါကြောင့် အောင်ဆန်းဆိုတဲ့ အသံထွက်နဲ့ဆင်တူတဲ့ unsung ကိုယူပြီး တိမ်မြုပ်နေတဲ့ သူရဲကောင်းလို့အမည်ရတဲ့ unsung hero လို့ ကျနော်က ခေါ်ချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့် တိမ်မြုပ်နေတဲ့သူရဲကောင်း တဦးပါပဲ”ဟု ဂျင်မ်ကယ်ရေက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်အစိုးရက မြန်မာနိုင်ငံ အရှေ့ခြမ်းရှိ ရွာပေါင်း ၃၀၀၀ ကျော်ကိုဖျက်ဆီးခဲ့ပြီး လူပေါင်း ၁.၅ သန်းကိုလည်း အိုးမဲ့ အိမ်မဲ့ဖြစ်စေခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးစစ်သား အသုံးပြုမှုအများဆုံး ဖြစ်ကြောင်းကိုလည်း ဂျင်မ်ကယ်ရေက ပြောသည်။
အဆိုပါ ဂျင်မ်ကယ်ရေ၏ ပြောကြားချက် ဗီဒီယိုကို You Tube အင်တာနက် စာမျက်နှာနှင့် အမေရိကန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (USCB) http://www.uscampaignforburma.org/ ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဂျင်မ်ကယ်ရေ၏ မြန်မာပြည်သူများနှင့် ရင်းနှီးပြီးသား နာမည်ကြီးရုပ်ရှင် ဇာတ်ကားတကားမှာ The Mask (မျက်နှာဖုံး) ဆိုသည့် ဇာတ်ကားဖြစ်သည်။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home