Monday, September 3, 2007

ပြည်တွင်းလေကြောင်း လက်မှတ်ဈေးနှုန်းများ တက်ပြီ


မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

နအဖ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်းကြောင့် ပြည်တွင်း လေကြောင်းလိုင်း ၃ ခုကလည်း ယခုလဆန်းမှ စတင်ကာ လေယာဉ်ခ ဈေးနှုန်းများကို မြှင့်တင်လိုက်သည်။

ရန်ကုန် အဲဝေး၊ အဲပုဂံ၊ အဲမန္တလေး စသည့် ပြည်တွင်း လေကြောင်းလိုင်း ၃ ခုက သြဂုတ် လကုန်ပိုင်းတွင် စုံညီ အစည်းအဝေး ပြုလုပ်ပြီး ယခုလ ၁ ရက်နေ့မှ စတင်ကာ လေယာဉ်ခ ဈေးနှုန်းကို တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ရန်ကုန်-မန္တလေး ခရီးစဉ်ကို ယခင်က လက်မှတ် တစောင်လျှင် ကျပ်ငွေ ၅ သောင်း ရှိခဲ့ရာမှ ယခုအခါ ၆ သောင်းခွဲ၊ ယခင်က ကျပ် ၄ သောင်း ရှိသည့် ရန်ကုန်မှ ပုဂံသို့ ခရီးစဉ်သည် ယခုအခါ ၅ သောင်း ၃ ထောင် ဖြစ်လာသည့် အပြင် ရန်ကုန်မှ ဟဲဟိုးသည် ၄ သောင်းသာ ရှိခဲ့သော်လည်း ၅ သောင်း ၃ ထောင်အထိ ဈေးတက်လာကြောင်းနှင့် ရန်ကုန်၊ မြစ်ကြီးနားနှင့် တာချီလိတ် ခရီးစဉ်သည် ၉ သောင်း ၃ ထောင်မှ ၁ သိန်း ၂ သောင်းအထိ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု အဲမန္တလေး လေကြောင်းလိုင်းမှ အရောင်းဝန်ထမ်း တဦးက မဇ္ဈိမကို ပြောသည်။

“လေယာဉ်ဆီခတွေ တက်လို့ လေယာဉ်ခလည်း တက်လိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လေကြောင်းလိုင်း ၃ လိုင်းလုံးက လူကြီးတွေ အစည်းအဝေး လုပ်ပြီး ဈေးနှုန်းတွေကို အတူတူ သတ်မှတ်လိုက်တာပါ” ဟု သူက ဆက်ပြောသည်။

ယခုလို ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း ၃ ခု၏ လေယာဉ်ခ ဈေးနှုန်းများ ထိုးတက်သွားသလို အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်းမှာမူ ဈေးတက်ရန် စီစဉ် နေကြသည်။

“ကျနော်တို့ကတော့ မတက်သေးပါဘူး။ တက်ဖို့တော့ ရှိပါတယ်။ ဘယ်တော့ တက်မယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု မြန်မာ့ လေကြောင်းလိုင်းမှ ဝန်ထမ်းတဦးက ပြောသည်။

Labels: , ,

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home