A bilingual blog, Burmese and English; highlights on Fuel Price Hike Movement in Burma/Myanmar, August 2007 with various news and information, photos, video clips etc - provides space for democratic supporters, activists and advocates around the world to share, update and gather current situation in Burma.
Thursday, August 23, 2007
လောင်စာဆီဈေိးုံန်းများ မြင့်တက်မြ၏နောက်ကွယ်တွင်
အဲဖရက်ဒ် အိုလာစ် | သြဂုတ် ၂၃၊ ၂၀၀၇
လွန်ခဲ့သောအပတ်က (နအဖ) စစ်အစိုးရက လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ခဲ့ရာ လူအများက အလန့်တကြားဖြစ်ကြရ၊ အံ့သြ စိတ်ပျက်ခဲ့ကြရသည်။ မည်သို့မည်ပုံ ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုး ပြုခဲ့ရသနည်းဟူ၍လည်း လူအများက မေးခွန်း ထုတ်ခဲ့ကြသည်။
မြန်မာနိုင်ငံကဲ့သို့သော ရေနံနှင့် သဘာဝဓာတ်ငွေ့လောင်စာများ ကြွယ်ဝလှသည့်နိုင်ငံတွင် ပြည်သူလူထုအတွက် ဘာ့ကြောင့် လောင်စာဆီဤမျှ ရှားပါးနေရသနည်း။ ဈေးချိုချိုနှင့် သုံးစွဲနိုင်စေရန် မထောက်ပံ့ပေးနိုင်ရသနည်းဟူ၍လည်း မေးခွန်းများ ဖြစ်လာရသည်။ ထို့အပြင် အစိုးရက သဘာဝဓာတ်ငွေ့ ရောင်းရငွေများဖြင့် အကျိုးအမြတ် များစွာရရှိနေသော ကာလတွင် ဘယ့်အတွက်ကြောင့် လောင်စာဆီဈေးနှုန်းများကို အဆမတန်မြှင့်တင်ခဲ့ရပါသနည်း။ စသဖြင့်လည်း မေးစရာ တပုံတပင် ရှိလာခဲ့ပါသည်။
လေ့လာသုံးသပ်သူများက ဤမေးခွန်းများအတွက် ဖြေရှင်းချက်အမျိုးမျိုး ထုတ်ပေးနိုင်ရန် ကြိုးစားခဲ့ကြသည်။ တချို့က စစ်အစိုးရ၏ လွဲမှားသော စီးပွားရေးစီမံခန့်ခွဲပုံကို အဓိက အပြစ်ဖို့ခဲ့ကြပြီး တချို့က ဤသို့လောင်စာဆီဈေးနှုန်းများ တိုးမြှင့်ရခြင်းမှာ နိုင်ငံခြားငွေအကျပ်အတည်းနှင့် ဘဏ္ဍာရေးပြဿနာ ကြီးထွားလာသောကြောင့်ဟု ထောက်ပြခဲ့ကြသည်။
တချို့သူများက စစ်အစိုးရ၏ နိုင်ငံရေး အကွက်ဆင်မှုကိုပါ ထည့်သွင်းစဉ်းစားရန်နှင့် လျှော့မတွက်မိစေရန်ပင် သတိပေး ခဲ့ကြပါသေးသည်။ ဤသို့ ဈေးနှုန်းများရုတ်ချည်း တိုးမြှင့်လိုက်မှုကြောင့် လူအများလမ်းပေါ်ထွက် ဆန္ဒပြပွဲများ ဖြစ်လာမည်။ သို့ဖြစ်လျှင် နိုင်ငံရေးအရ နောက်ထပ် နှိပ်ကွပ်မှုများဖြစ်လာနိုင်ပြီး မငြိမ်မသက်မှုများကို အကြောင်းပြ၍ အမျိုးသား ညီလာခံကို အချိန်ဆွဲထားနိုင်သည်။ နောက်ဆုံး ကုလသမဂ္ဂ အထူးသံ မစ္စတာဂန်ဘာရီ ရောက်လာတော့မည့် ခရီးစဉ်ကိုပင် အချိန်ရွှေ့ဆိုင်းနိုင်သည်ဟု တွက်ဆပြကြပါသည်။
ဤအချက်များ အားလုံး မှန်နိုင်ဖွယ် ရှိပါသည်။ သို့သော်လည်း ဤသို့လောင်စာဆီဈေးနှုန်းများ တိုးမြှင့်လိုက်မှု နောက်ကွယ်ရှိ ဖိအား အကြောင်းအချက်များကို အပြည့်အစုံ သဘောပေါက်နားလည်ရန် ဆိုလျှင်ဖြင့် မြန်မာနိုင်ငံစီးပွားရေး စနစ်၏ ဖွဲ့စည်းထားပုံ သဘောသဘာဝနှင့် ရေနံ သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍများအကြောင်းကို လေးလေး နက်နက်ထည့်သွင်း စဉ်းစားမှသာ တန်ပေလိမ့်မည်။
စ၍ ဆွေးနွေးရလျှင် အရေးကြီးသောအချက်မှာ မြန်မာနိုင်ငံသည် ဒီဇယ်လောင်စာဖြင့် မောင်းနှင်နေသော စီးပွားရေးစနစ် ဖြစ်ပါသည်။ ဤအချက်ကို နိုင်ငံတလွှား သွားလာနေကြသော ဘတ်စ်ကားများ၊ ရထားများ၊ ကုန်တင်ထရပ်ကားများ ကိုကြည့်၍ သိသာနိုင်ပါသည်။ တခါတရံတွင် လျှပ်စစ်ပေးနိုင်ရန်အတွက် လည်ပတ်နေသော တချို့ ဟောင်းအိုနေသည့် ဓာတ်အားပေးစက်များကပင် ဒီဇယ်ကို သုံးနေကြရပါသည်။ ထို့အပြင် တတ်နိုင်သည့် အိမ်တိုင်း၊ စက်ရုံတိုင်း၊ ဈေးဆိုင်တိုင်း၊ နေရာအနှံ့အပြား၌ လျှပ်စစ်ဓာတ်အားအတွက် သုံးနေကြသော လက်ဆွဲမီးစက်ငယ်များတွင်လည်း ဤအချက်ကို တွေ့မြင် နေကြရပါသည်။
ယခုကာလအထိဆိုလျှင် ကြာမြင့်စွာကပင် အစိုးရက ငွေပံ့ပိုးဖြည့်ဆီးထားမှုကြောင့် မြန်မာနိုင်ငံရှိ ဒီဇယ်ဈေးနှုန်းမှာ ပြင်ပ ပေါက်ဈေးနှင့်ယှဉ်လျှင် ဈေးချို၍ ရရှိနေခဲ့ပါသည်။ စီးပွားရေးကြီးထွားလာသည်နှင့်အမျှ ဒီဇယ်ဆီလောင်စာ လိုအပ်မှုက ပို၍ တိုးမြင့်လာရန်အကြောင်းရှိပြီး ဤဒီဇယ်ဆီဈေးတွင် အစိုးရက ပေါင်းထည့် ပံ့ပိုးပေးနေရသော ငွေပမာဏကလည်း များလာဖွယ် အကြောင်းရှိနေပါသည်။ ဤအချက်ကြောင့် အစိုးရအစဉ်အမြဲကြုံနေရသော ဘဏ္ဍာရေး လိုငွေပြမှုကို တိုး၍ ဖိစီးဖွယ် အကြောင်းများ ဖြစ်လာစေပါသည်။
ဒီဇယ်ဆီ ပိုမိုထောက်ပံ့နိုင်ရန်အတွက် စစ်အစိုးရက ပြည်တွင်းရေနံလုပ်ငန်းများမှ ရေနံစိမ်းအထွက်တိုးမြင့်လာစေရန် လွန်ခဲ့သော မကြာသေးမီနှစ်များအတွင်းက အားထုတ်နေခဲ့ပါသည်။ သို့သော်လည်း အရာမထင်လှပါ။ အကြောင်းမှာ မြန်မာနိုင်ငံ ကုန်းတွင်းရှိ ရေနံတွင်းများမှာ အထွက်ကျဆင်းနေခဲ့ပြီး (ဤအချက်ကို ရေနံအများဆုံးထုတ်ယူပြီးလျှင် ဖြစ်သည့် လက္ခဏာ ("peak oil" phenomenon) ဟု ခေါ်ကြပါသည်) ကမ်းလွန်ရေနံတွင်းများမှာလည်း ရှိလျှင်သော်မှ အနည်းငယ်သာ ရှိပါသည်။
တချို့က အကြံပြုကြသောအချက်မှာ အကယ်၍ ပြည်တွင်းတွင်ရေနံစိမ်းများ တိုးမြှင့်ထုတ်လုပ် နိုင်လျှင်သော်မှ တခြား ပိတ်ဆို့နေသော ပြဿနာတခုမှာ မြန်မာနိုင်ငံရှိ ရေနံသန့်စင်စက်ရုံများ၏ စွမ်းဆောင်နိုင်ရည် ပြဿနာပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ အိုဟောင်းနေပြီဖြစ်သော ရေနံသန့်စင်စက်ရုံများက တောင်းဆိုမှုရှိသလောက် ရေနံစိမ်းများကို ချက်ပေး နိုင်ဖွယ် အကြောင်းမရှိကြတော့ပါ။ ထို့အပြင် ဤရေနံသန့်စင်စက်ရုံများသည် အခြားနေရာများမှ တင်သွင်းလာသော အတိုင်းအဆမတူသည့် ဆာလဖာ (ကန့်) ဓာတ်များပါဝင်နေသည့် ရေနံစိမ်းများကို ချက်လုပ်နိုင်စွမ်းလည်း မရှိပါ။ သို့ဖြစ်ရာ ပြည်တွင်းလိုအပ်ချက်အတွက် ရေနံစိမ်းများ ၀ယ်ယူတင်သွင်းရေး နည်းလမ်းကိုလည်း ပယ်ရုံသာ ရှိပါတော့သည်။
တခုတည်းသောအဖြေမှာ ဒီဇယ်ဆီကို တိုက်ရိုက် ၀ယ်ယူတင်သွင်းရုံသာ ရှိပါတော့သည်။ ဤသို့ဝယ်ယူတင်သွင်းမှုကို ပြင်ပဈေးကွက်ပေါက်ဈေးဖြင့် ဆောင်ရွက်ရပြီး၊ အလွန်ငွေကုန်ကြေးကျ များလှသော ဖြေရှင်းမှုလည်း ဖြစ်ပါသည်။ သို့သော် အငြင်းမစောလိုက်စေလိုပါ။ မြန်မာနိုင်ငံမှထွက်သည့် သဘာဝဓာတ်ငွေ့ရောင်းရငွေသည် ဤကုန်ကျစရိတ်များ အတွက် လုံလောက်ဖူလုံဖွယ် အကြောင်း ရှိနေပါသေးသည်။
သဘာဝဓာတ်ငွေ့ရောင်းရငွေအားဖြင့် ဒီဇယ်ဆီပြန်ဝယ်ယူတင်ပို့ရမှု ကုန်ကျစရိတ်များကို ဖြည့်ဆီးနိုင်ဖွယ်ရှိသည်မှာ အမှန် ပင် ဖြစ်ပါသည်။ သို့သော်လည်း အစဉ်သဖြင့် မြင့်တက်နေသောဈေးနှုန်းများနှင့် အမီလိုက်ရန် လုံလောက်မှုရှိ မရှိဆိုသည် မှာ နောက်ပိုင်း မေးခွန်းထုတ်ဖွယ်ကိစ္စ ဖြစ်ပါသည်။
ပထမအချက်မှာ သဘာဝဓာတ်ငွေ့ရောင်းချရေးအတွက် သဘောတူညီ ချက်စာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်မှာ အချိန်အတိုင်းအတာတခုအထိ ကြာခဲ့ပြီဖြစ်ပြီး ယနေ့ကာလ ပေါက်ဈေးထက် လျှော့နည်းနေသောနှုန်းဖြင့် တုတ်နှောင် နေမိ၍လည်း ဖြစ်နိုင်ဖွယ် ရှိပါသည်။ ဤသို့ဆိုလျှင် လျော့နည်းရနေသော သဘာဝဓာတ်ငွေ့ရောင်းရငွေဖြင့် အစဉ်တိုးတက် နေမည့် ဒီဇယ်ဆီလုံလောက်စွာဝယ်သွင်းရန် လောက်ငှနိုင်ဖွယ် မရှိပါ။
ဒုတိယအချက်မှာ ဤသို့ ရောင်းချမှုများမှလည်း ဘဏ္ဍာငွေများ ၀င်လာမည်ဟု ပုံမှန်အားဖြင့် ယူဆထားကြသည့်အတိုင်း ဖြစ်မလာတတ်ပါ။ ဥပမာအားဖြင့် တချို့သတင်းဌာနများအဆိုအရ စစ်အစိုးရက ပီထရိုနတ်စ် (Petronas) ကုမ္ပဏီနှင့် သဘောတူညီချက်များ ပြုစဉ်က ဓာတ်ငွေ့ရောင်းရငွေ၏ တစိတ်တပိုင်းကို ပစ္စည်းချင်းဖလှယ်သည့် ဘာဒါစနစ်ဖြင့် မလေးရှားကုမ္ပဏီထံမှ ဒီဇယ် ပြန်သွင်းရန် ကြိုတင်သဘောတူထားခဲ့ကြပါသည်။ ဤအတွက် မည်သည့်ငွေကြေးမျှ ဖလှယ်စရာ၊ ရရှိစရာ အကြောင်းမရှိ ပါ။
တတိယအချက်မှာ သဘာဝဓာတ်ငွေ့ရောင်းချမှုမှ ဘဏ္ဍာငွေရလာဖွယ်ရှိသော်လည်း မှတ်သားဖွယ်အချက်မှာ သဘာဝ ဓာတ်ငွေ့မှ ထုတ်ကုန်များကို ပြန်လည်သန့်စင်ရသည့် ကုန်ကျစရိတ်များကြောင့် ဒီဇယ်ဆီဝယ်နိုင်သည့် ငွေပမာဏလည်း လျော့ကျသွားဖွယ် ရှိနေပါသည်။ မြန်မာနိုင်ငံက အိမ်နီးချင်းနိုင်ငံများသို့ သဘာဝဓာတ်ငွေ့ကုန်ကြမ်းများ ထုတ်ရောင်းချ နေသော်လည်း ပြည်တွင်းတွင် ဤသဘာဝဓာတ်ငွေ့များကို ပြန်လည်သန့်စင်နိုင်စွမ်းမရှိသောကြောင့် သန့်စင်ပြီးဓာတ်ငွေ့ ထုတ်ကုန် ကုန်ချောကို ဈေးကြီးပေးကာ ၀ယ်သုံးနေရသည်မှာ ရင်နာဖွယ် ဖြစ်ပါသည်။
ယနေ့ မိမိတို့ကြုံနေကြရသော အခြေအနေမှာ ဤသို့ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ၊ အခြေအနေများ အားလုံးပေါင်းဆုံလာ ကြပြီး နောက်ဆုံး အစိုးရက ယခင်ဈေးနှုန်းများအတိုင်း ဖြစ်စေရန် ဆက်လက်မထောက်ပံ့နိုင်တော့သည့် အကျပ်အတည်း ဆိုက်လာရခြင်း ဖြစ်ပါတော့သည်။ ပြည်ပမှ တင်သွင်းနေရသော ဒီဇယ်၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့ထွက်ကုန်များက မြင့်တက် လာနေပြီး ဈေးနှုန်းကလည်း တိုးမြင့်လာနေပါသည်။ ဤလိုအပ်ချက်များကို သဘာဝဓာတ်ငွေ့မှ ရောင်းရငွေဖြင့် ဖြည့်ဆီး ပေးချေနိုင်စရာ အကြောင်းမရှိတော့ပါ။ ထို့အပြင် မြို့တော်သစ်ဆောက်ခြင်း စသဖြင့် စီမံချက်ကြီးများဖြင့် ငွေကုန် ကြေးကျများနေပြီး မူလကတည်းက အားပျော့နေသော နိုင်ငံဘဏ္ဍာဖြင့်လည်း ဤသို့မြင့်တက်လာနေသော ဈေးနှုန်းကို ဖာထေးကူမရန် အကြောင်း မဖြစ်နိုင်တော့ပါ။ နောက်ဆုံး အဖြေတခုသာ ကျန်ပါတော့သည်။ နိုင်ငံတော်အစိုးရက ထောက်ပံ့ ဖြည့်ဆီးနေသော ငွေကိုဖြတ်တောက်၍ လောင်စာဆီ ဈေးမြှင့်လိုက်ရန်သာ ရှိပါတော့သည်။
ဤရှင်းပြချက်ဖြင့် လောင်စာဆီဈေး မြင့်တက်ရခြင်းအကြောင်းကို ရှင်းတန်သလောက်ရှင်းကြမည် ယူဆပါသည်။ သို့သော် လည်း ဤဈေးနှုန်းမြင့်တက်မှုအတွက် တခြားစိတ်ဝင်စားဖွယ် မေးခွန်းအများ ကျန်ရှိနေပါသေးသည်။ တခုမှာ ဤသို့ ဆောင်ရွက်လိုက်သည့် ကာလအချိန်ပင် ဖြစ်ပါသည်။ ဤသို့ လောင်စာဆီပြဿနာ ကြုံနေရသည်မှာ ကြာနေခဲ့ပြီး ယခု အချိန်တွင်မှ ဘာကြောင့်ထ၍ ဆောင်ရွက်ရပါသနည်း။ မေးစရာရှိနေပါသည်။ ဒုတိယအချက်မှာ လောင်စာဆီဈေးနှုန်းများ မြှင့် တင်လိုက်မှု အတိုင်းအဆပင် ဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် အဆများစွာ မြှင့်တင်ခဲ့ရပါသနည်း။
စိတ်ဝင်စားဖွယ် ဖြစ်ပါသည်။
တဖန် တချို့သောသူများက ဈေးမြှင့်တင်လိုက်သည့်အချိန်နှင့် ပမာဏကို တွက်၍ အကြောင်းပြချက်အမျိုးမျိုးဖြင့် ခန့်မှန်း ထင်ကြေးပေး တွက်ဆနေကြပါသေးသည်။ တချို့က ဤကိစ္စတွင် မသမာမှုလှည့်ကွက်ထောင်ချောက်များ ရှိနေသည်ဟုပင် ယူဆနေကြပါသည်။
ကာလအတန်ကြာကပင် စစ်အစိုးရက မြန်မာနိုင်ငံတွင် လောင်စာဆီခွဲဝေဖြန့်ဖြူးပေးမှုစနစ်ကို ပုဂ္ဂလိကလက်လွှဲရန် စဉ်း စား ချင့်ချိန်နေခဲ့ကြပါသည်။ ဤသို့ မြှင့်တင်လိုက်ပြီးသည့် အခြေအနေအောက်တွင် ဒီဇယ်၊ ဓာတ်ဆီနှင့် ဓာတ်ငွေ့ထုတ် ကုန်များ လက်လီရောင်းချနေသည့်ဆိုင်များကို ပုဂ္ဂလိကကုမ္ပဏီလက်သို့ လွှဲအပ်နိုင်ပြီ ဖြစ်ပါသည်။ ဤပုဂ္ဂလိကကုမ္ပဏီက အစိုးရထံမှ လောင်စာဆီထုတ်ကုန်များ လက္ကားဝယ်ယူနိုင်ပြီး လက်လီဆိုင်ငယ်များမှတဆင့် လူထုအတွက် အမြတ်ဖြင့် ပြန်လည် ရောင်းချနိုင်ပါသည်။ ကောလာဟလသတင်းများအရ ဤသို့ပုဂ္ဂလိကလက်လွှဲမည်ဆိုလျှင် ၀ယ်ယူလိုသော ကုမ္ပဏီကလည်း အသင့်ရှိနေသည်ဟု သတင်းများ ဖြစ်ပေါ်နေပါသည်။ အခြားသူ မဟုတ်ပါ။ စီးပွားရေးလုပ်ငန်းရှင် တေဇ၏ ထူးကုမ္ပဏီပင် ဖြစ်ပါသည်။
သို့သော်လည်း ဤလုပ်ငန်းစဉ်၌ ပြဿနာတခု ရှိနေပါသေးသည်။ (နအဖ) စစ်အစိုးရထံသို့ ပေးရမည့် လက္ကားဈေးနှုန်းနှင့် လူအများသို့ ပြန်ရောင်းရမည့် လက်လီဈေးနှုန်းတွင် ရလာမည့် အမြတ်အစွန်းမှာ နည်းလွန်းနေပါသည်။ ယခင်က အစိုးရက လောင်စာဆီဈေးနှုန်းများအတွက် ပံ့ပိုးပေးထားသောစနစ်တွင် အဓိကအမြတ်ရကြသူများမှာ မှောင်ခိုဈေးကွက်တွင်ရောင်း
ဝယ်နေကြသူများဖြစ်ပြီး လက်လီရောင်းသော ဓာတ်ဆီဆိုင်များ မဟုတ်ကြပါ။
သို့အတွက်ကြောင့် အမြတ်ရရန်ဆိုလျှင် လက်လီဖြန့်ဖြူးရောင်းချနေသော စနစ်တခုလုံးကို သိမ်းပိုက်လိုက်မှသာလျှင် ရနိုင်ဖွယ် အကြောင်းရှိနေပါသည်။ သို့ အတွက်ကြောင့် လောင်စာဆီဈေးနှုန်းကိုလည်း မြှင့်တင်ရန် လိုအပ်လာပါသည်။ ဤသို့ဆောင်ရွက်လိုက်ခြင်းအားဖြင့် တချက်တည်းဖြင့် ငှက်နှစ်ကောင်ရနိုင်သော ကိန်းလည်း ရှိနေပါသည်။ တဘက်တွင် မှောင်ခိုဈေးကွက်ကို သတ်ပစ်လိုက် နိုင်ပြီး အခြားတဘက်တွင်လည်း ဆိုင်ခွဲများအားလုံးကို ချုပ်ကိုင်ကာ အမြတ်အစွန်း များစွာရနိုင်မည့် လက်ဝါးကြီးအုပ်ခွင့်ကို ကုမ္ပဏီတခုသို့ အပ်နှင်းပြီး ဖြစ်သွားရပါသည်။
ဤသတင်းများ မည်မျှမှန်သည်ကို မည်သူမျှ မသိနိုင်ပါ။ သို့သော်လည်း လောင်စာဆီဈေးများ မြင့်တက်လာမှုကြောင့် လတ်တလောတွင် နိုင်ငံရေးအကျိုးဆက်များ ပေါ်လာနေရပြီ ဖြစ်သည်။ ရေရှည်အတွက်ကို ကြည့်ပါက မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ မည်မျှခိုင်မာ အာမခံချက်ရှိသနည်း ဆိုသည်မှာလည်း အခြားအရေးကြီးသည့် မေးခွန်းတခု ဖြစ်နေပါသေး သည်။ ပြည်တွင်းတွင် ရေနံသန့်စင်ထုတ်လုပ်ရေး ကဲ့သို့သော ကိစ္စမျိုးကို အလေးအနက်သဘောထား၍ ပြုပြင်ဆောင်ရွက် ခြင်း မရှိပါက အထက်ဖော်ပြခဲ့သော ပြဿနာမျိုး၊ အကျပ်အတည်းမျိုးနှင့် မြန်မာနိုင်ငံ ဆက်လက်တွေ့ကြုံရဖွယ် ရှိနေပါ သည်။
ဝမ်းနည်းဖွယ်ကောင်းသောအချက်မှာ လက်ရှိ နိုင်ငံခေါင်းဆောင်ပိုင်းက လုပ်ဆောင်နေသည့်ပုံစံပင် ဖြစ်ပါသည်။ သူတို့က သဘာဝဓာတ်ငွေ့ ထုတ်ရောင်းချ၍ ငွေရရေးကိုသာ စဉ်းစားနေပြီး အခြားအချက်များကို လှည့်မကြည့်ကြပါ။ ဤသည်ကပင် မြန်မာနိုင်ငံအတွက် ပြဿနာဖြစ်နေပါတော့သည်။ ။
၂၀၀၇ ခုနှစ် သြဂုတ်လ ၂၂ ရက်က ဧရာဝတီ အင်တာနက် မဂ္ဂဇင်းတွင် ဖော်ပြထားသည့် Alfred Oehlers ရေးသားသော Behind the Fuel Price Rise ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
စာရေးသူသည် အမေရိကန်နိုင်ငံ ဟာဝိုင်ယီ အခြေစိုက် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အကဲဖြတ်တဦး ဖြစ်ပါသည်။
No comments:
Post a Comment